GLOBAL HOUSE
Address: 99/3 Moo.3 Tambon Thawangtan, Amphur Sarapee, Chiang Mai
Chiang Mai – Hang Dong လမ်း
အထက်ပါ လိပ်စာမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်း တင်ပို့ရောင်းချတဲ့ ကမ္ပဏီကြီးဟာ ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင်ခန့် (နိုဝင်ဘာ ၆၊ ၂၀၀၈) မှာ မီး စတင် လောင်ကျွမ်းခဲ့ပါတယ်။ ဘာကြောင့် လောင်မှန်းမသိရသေးပေမယ့် ဆုံးရှုံးမှုပမာဏကတော့ သေးမယ်မထင်ပါဘူး။
ဒီနေ့မနက် အိပ်ယာထတော့ ဘာကြောင့် ချင်းမိုင်မြို့ကြီး မှောင်နေပါလိမ့်လို့ … ခါတိုင်းလို မိုးအုပ်တယ်ထင်နေတာ။ ဘယ်ကလား … ရုံးရောက်တော့ ထိုင်းတယောက်ပြောပြမှာ သိရတာ … ရုံးရဲ့ ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့မှ တိမ်ညိုဘာကြောင့် မှိုင်းရလဲဆိုတာ သိရတော့တယ် … ဓာတ်ပုံမှာ တွေ့နေရတဲ့ အတိုင်းပါပဲ … ကုမ္ပဏီပိုင်ရှင်ရဲ့ မျက်နှာလဲ တွေ့နေရတဲ့ တိမ်ညိုလိုပဲ နေပါလိမ့်မယ် …
မိသားစုအစုံအလင်နှင့် စနောက် ရန်ဖြစ်ရင်း ပျော်ရွှင်ခဲ့သည့် နေ့ရက်များ
လွန်ခဲ့သော ၈ နှစ်ကာလက ကျနော်တို့မိသားစုနှင့် ညီအစ်ကိုလို ချစ်ခင်ကြသော သူငယ်ချင်းများ စုစည်းကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့စွန် တစ်နေရာ၌ အိမ်တစ်လုံးငှား၍ နေဖြစ်ကြသည်။ ခြံဝင်းမှာ အတော်ကျယ်ပြန့် သော်လည်း အိမ်မှာမူ အတန်ငယ်သေးသည်။ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်းနှင့် မီးဖိုချောင် တစ်ခန်းသာ ရှိသည်။ အဖေနှင့် အမေက တစ်ခန်း၊ ကျနော်က (အဟမ်း … အဟမ်း) ညီအစ်ကိုနှင့် သူငယ်ချင်းများထဲတွင် အသက်အကြီးဆုံး ဖြစ်သောကြောင့် လူလည်ကျကာ ကျန်အိပ်ခန်းတစ်ခန်းကို မောင်ပိုင်စီး၍ ကျန်သည့် ညီနှစ်ယောက်နှင့် သူငယ်ချင်း သုံးယောက်ကိုတော့ ဧည့်ခန်းကို အိပ်ခန်းအဖြစ်ဖန်တီးကာ အပိုင်စားစေလိုက်သည်။ ထိုငါးယောက်မှာ ကျနော့်အား ကျေနပ်ပုံမရ … ။
မကြာပါ … ခြံမြေကွက်လပ်တစ်နေရာတွင် တဲကြီးတစ်လုံးဆောက်ကာ ငါးယောက်သား နေလိုက်ကြသည်။
သူတို့က ကျနော့်အား “ငသော်” ဟုသာခေါ်လေ့ရှိသည်။ ညီနှစ်ယောက်မှာ ဆိုင်ကယ်လမ်းသရဲ “တယော”။ စာတော်ပြီး ဆရာကြီး စတိုင်လ်နှင့် အမြဲနေတတ်သော ညီငယ် “မောင်သိန်း”။ သူငယ်ချင်းသုံးယောက်ကတော့ စာသမား ပေသမား တရားသမား အသားမဲမဲနှင့် “အညာသား”။ ဂေါ်ရခါးလူမျိုးဖြစ်ကာ သန်မာထွားကျိုင်းပြီး ဗလကောင်း၍ ကလေးလိုနေတတ်သော ဗလာထူး (သူ့နာမည်ရင်းကို မခေါ်တတ်ကြ၍ ဘထူးဖြစ်သွားသည်)။ နောက်တစ်ယောက်ကတော့ နည်းနည်းမှ မအားလိုက်နှင့် … အားသည်နှင့် ဂစ်တာကိုင်ကာ ဂီတသံစဉ်ဟု ခေါ်ဆိုမရသော ထူးဆန်းသည့် ဂစ်တာသံစဉ်ပိုင်ရှင် “မောင်ကရင်”။ သူနှင့် အညာသားကတော့ မကြာခဏ ကတောက်ကဆ ဖြစ်တတ်သည်၊ အကြောင်းကား အညာသား ဘုရားရှိခိုးတိုင်း ကရင်က ထူးဆန်းသည့် သံစဉ်များဖြင့် အနှောက်အယှက် ပေးတတ်သောကြောင့် ဖြစ်သည်။
ကျနော်နှင့် အသက်သိပ်မကွာလှသော အညာသားက “ငသော် … မင်းစဉ်းစားကြည့်လေကွာ … ။ ဒီကောင် ငါဘုရားရှိခိုးတိုင်း သူ့ဂစ်တာနဲ့ အိညောင် အိညောင် လာလုပ်နေတာ … ငါ့ကို သက်သက် နှောက်ယှက်တာပဲကွ”
ကရင်ကလည်း “နှောက်ယှက်တာ မဟုတ်ပါဘူး ကိုသော်ရာ … သူဘုရားရှိခိုးတိုင်း ကျနော် ဂစ်တာတီးတဲ့ အချိန်နဲ့ လာလာကိုက်နေလို့ပါ”
အညာသားက ကရင်အား မကျေမနပ်ဖြင့် “မင်းကတော့ကွာ …” ဟုသာ ကြိမ်းဝါးလေ့ရှိသည်။
ရန်ဖြစ်သည့်အကြိမ် များလာသောအခါ ဂစ်တာတီးချိန်နှင့် ဘုရားရှိခိုးချိန်ကို ကန့်သတ်ပေးလိုက်သည်။ သို့မဟုတ်လျှင် အညာသားနှင့် ဓနုဖြူသားတို့ ထသတ်ကြပေတော့မည်။
ဘာမဟုတ်သည်နှင့် ကျနော်တို့အုပ်စု ကတောက်ကဆ ဖြစ်တတ်သော်လည်း လက်မပါတတ်ကြပါ။ ရယ်မောမောနှင့်ပင် အဆုံးသတ်သွားကြသည်သာ ဖြစ်သည်။ ပျော်စရာတော့ အကောင်းသား။ ထမင်းလက်ဆုံ စားကြလျှင် ပို၍ပျော်စရာကောင်းသည်။
ကျနော်သည် အမေအား ချစ်စနိုးဖြင့် နာမည်ရင်းကိုသာ ခေါ်လေ့ရှိသည်။ မေမေ၊ အမေဟု ချွဲချွဲနွဲ့နွဲ့ သိပ်မခေါ်တတ်။ ကျနော်က အမေ့အား “မကျင်ဌေး … ဘာချက်လဲဗျ … ထမင်းစားကြတော့မယ်လေ” ဟု ဆိုလျှင် အမေသည် ချက်ထားသော ငါးခူကြော် အစပ်ဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငါးပိရည်နှင့် တို့စရာများအား ပြင်ဆင်လေသည်။ ထိုအခါ ကျနော်သည် တဲထဲမှကိုယ်တော်များအား သွားရောက်ပင့်ဆောင်ရသည်။ ကိုယ်တော်များကား ထိုအခါမှပင် သွက်လက်ပေါ့ပါးစွာ ထမင်းဝိုင်းသို့ ကြွချီတော်မူလေသည်။
ထမင်းဝိုင်းတွင် လူစုံသော် ဟင်းများကို အဖေနှင့် အမေအား ဦးချကာ ထီးတံခွန်မရသော လက်များဖြင့် ကျနော်တို့ ညီအစ်ကိုများ ပလုပ်ပလောင်း စားကြတော့သည်။ ဤတွင် စကားကတ်သော အညာသားသည် ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးညွန့်နှင့် သခွားသီးများ ထည့်ထားသောသံဇလုံကြီးအား သဲကြီးမဲကြီး နှိုက်နေသော မောင်ကရင်အား “ဟေ့ယောင် ကရင် … တို့စရာယူရင် ဖြည်းဖြည်းယူပါဟ … မင်းကို ကြည့်ရတာ ငါတို့အညာက နွားသိုးကြီး ခြုံတိုးနေတာ ကျနေတာပဲ”။ ထိုအခါ ထမင်းဝိုင်းသည် သောသောညံသွားတတ်သည်။ ကရင်ကတော့ မျက်နှာကြီးနီလျှက် အညာသားအား မျက်စောင်းထိုးကာ ထမင်းကိုသာ ဆက်စားသည်။
ထမင်းစားပြီးသော် အမေက ကျနော့်အား “ဟဲ့ ငသော် … ငမဲကြီးအတွက် ဟိုအိုးထဲမှာ ကြက်စွပ်ပြုပ် လုပ်ထားတယ် … ချကျွေးလိုက်ပါဦး”
ထိုအခါ ညီငယ် မောင်သိန်းက “အမေ့ခွေးကျတော့ ကြက်စွပ်ပြုပ်နဲ့ ဘာနဲ့ သားတို့ကျ မကြွေးပါလား”
“ဟဲ့ … ငမဲကြီးက နင်တို့ထက် ကျေးဇူးသိတတ်တယ်ဟဲ့ …”
ကဲ … ဘာပြန်ပြောချင်သေးလဲ …
သူတော်ကောင်းနှင့် အဆိုတော် မျောက်လောင်းတို့ အရက်ပြိုင်သောက်ခဲ့သည့် အမှတ်တရ
ထိုနေ့မျိုး ထိုဘဝမျိုးသည်လည်း ပျော်စရာကောင်းပေစွ … သည်လိုနှင့်ပင် ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေကာ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်ခဲ့လေသည်။ သင်္ကြန်တစ်နှစ်တွင် …
ကျနော့်နှင့် သောက်ဖော်စားဘက်ဖြစ်သော “ကိုဘို” နှင့် ရေကစားထွက်ပြီး မောမောနှင့် အိမ်ပြန်လာသည်။ အဖေနှင့် အမေကတော့ သူတို့သူငယ်ချင်းများ၏ အလှူပွဲရှိသည်ဆို၍ မနက်မိုးလင်းကတည်းက ထွက်သွားသည်မှာ အိမ်ပြန်ရောက်ပုံမရသေး။ ခြံတံခါး အစိမ်းကိုဖွင့်၍ ကားမောင်းဝင်လိုက်သည်။
ကားပေါ်မှဆင်း၍ ကျနော်နှင့်ကိုဘို ကိုယ်တော်လေးများနေထိုင်ရာ တဲဘက်သို့ မျှော်ကြည့်လိုက်ရာ မြင်တွေ့ရသည့် မြင်ကွင်းကို မယုံနိုင်အောင်ပင် ဖြစ်သွားရသည်။ ကိုယ်တော် ငါးယောက်သားမှာ တဲရှေ့မြက်ခင်းပြင်တွင် အတုံးအရုံးလဲနေကြသည်။ ကျနော်နှင့်ကိုဘို သိချင်ဇောဖြင့် ထိုနေရာသို့ အပြေးအလွှား သွားလိုက်ကြသည်။
ဗလကောင်းသော ဘထူးမှာ ပက်လက်ကြီးလန်ကာ အိပ်နေလေသည်။ သူ့ရင်ဘတ်ပေါ်တွင်တော့ မောင်သိန်းနှင့် တယော၏ ခြေထောက်များကား ပိုင်စိုးပိုင်နင်း နေရာယူထားကြသည်။ ကရင်ကတော့ သူ့ဂစ်တာကြီးကိုပိုက်ကာ ဂစ်တာရှိတ်နှင့် အိပ်မက်မက်နေသည်လား မပြောတတ် … ပြုံး၍ အိပ်နေသည်။ အညာသားကတော့ သူ့တရားစာအုပ်ကြီးကို ခေါင်းဦးလုပ်လျှက် ခွေခွေလေး အိပ်နေပြန်သည်။
၎င်းတို့၏ ပတ်လည်တွင်တော့ ဘီယာပုလင်းများ ပဲကြီးလှော်များ ငါးခြောက်ကြော်များ အာလူးကြော်များဖြင့် ရှုပ်ယှက်ခတ်နေကာ နံဟောင်နေသည်။ တွေ့ရသည့် မြင်ကွင်းမှာ အတော် အရုပ်ဆိုး အကျည်းတန်လှသည်။ ကျနော်နှင့်ကိုဘိုမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် ဂစ်တာ၊ ပန်းကန်၊ ပုလင်း၊ ဇွန်းများအား လိုက်လံသိမ်းဆည်းပြီး မြက်ရေဖြန်းသည့် ပိုက်ကိုဆွဲကာ ကိုယ်တော်ငါးယောက်အား ထိုးပက်လေတော့သည်။ ထိုအခါမှပင် ကိုယ်တော်များ မူးကြောင် မူးကြောင်ဖြင့် ထလာသည်။
ကျနော်က “ဟေ့ယောင်တွေ … မင်းတို့ အရက်ဘီယာ ဘယ်မှာသောက်ဖူးလို့တုန်း … ဘယ်လိုဖြစ်ကြတာလဲ ပြောပါဦးကွ”
ထိုအခါ ကိုယ်တော်ငါးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် ငိုင်နေကြသည်။
အညာသားက ကြားဝင်၍ ငမူးလေသံဖြင့် “ဒီလိုပါကွ ငသော်ရ … ဒီ မောင်ကရင် ငါတရားစာအုပ်ဖတ်နေတုန်း လာစိန်ခေါ်တယ် … ငါတို့ ဘီယာသောက် ပြိုင်ကြမယ်တဲ့ … မူးလဲတဲ့လူ ဘီယာဖိုးအားလုံး ထုတ်ရမယ်ဆိုပြီး ငါမခံချင်အောင် လာဆွပေးတယ်လေ … ငါလဲ စိတ်ပေါက်ပေါက်နဲ့ ချမယ်ဆိုပြီး ဘီယာနှစ်ဖာသွားဝယ်တယ် … ပြီးတော့ ငါတို့ ငါးယောက် ပြိင်သောက်ကြပါလေရော … ငါတို့ တစ်ခါမှသောက်ဖူးတာ မဟုတ်တော့ ဘယ်လိုသောက်ရမှန်း သိတာမဟုတ်ဘူးလေ … ဒါနဲ့ ရေသောက်သလို သောက်လိုက်ကြတာ … မကြာပါဘူး … တစ်ယောက်ပြီး တစ်ယောက် မင်းမြင်တဲ့အတိုင်းပဲ လဲကုန်တာလေ … ငါလဲ ဘီယာဖိုးရှုံးပြီကွာ”
ထိုအခါ ကျနော့်နှင့်ကိုဘိုမှာ ၎င်းတို့အား ဆူရမည့်အစား ဗိုက်နှိပ်၍ ရယ်လိုက်ကြသည်မှာ အတော မသတ်နိုင်တော့။ ညပိုင်းတွင် အဖေနှင့် အမေပြန်ရောက်လာပြီး ကိုယ်တော်ငါးဦးအား တစ်ယောက် တစ်လှည့် တရားဟောလိုက်သည်မှာ ညဆယ်နာရီခန့်မှပင် ပြီးဆုံးတော့သည်။ ထိုညတွင် ကိုယ်တော်ငါးဦး နေထိုင်ရာတဲမှ ဂစ်တာသံမကြားရ၊ စကားပြော ရယ်မောသံများ မကြားရ၊ ရန်ဖြစ် ငြင်းခုံသံမကြားရနှင့် တိတ်ဆိတ် ငြိမ်သက်လှသည်။ ကိုယ်တော်များက ဘီယာနာကျရသည့်အပြင် တရားနာပါ ကျရသောကြောင့် မီးပိတ်ကာ ဝင်အိပ်ကုန်လေပြီ။
ခုတော့ဖြင့် ခွေးတစ်ကောင်နှင့် လူတစ်ယောက်
မည်သို့ပင်ဖြစ်စေကာမူ ကျနော်တို့နေထိုင်ရာ တခါးအစိမ်းနှင့် ခြံဝင်းကြီးသည် မိသားစုရနံ၊ သူငယ်ချင်း ညီအစ်ကို ရနံ့များဖြင့် အမြဲပင် စိမ်းစိုလန်းဆန်နေတတ်သည်။ အခုတော့ ထိုဘဝမျိုးကို ကျနော် ပြန်ရနိုင်မည် မထင်တော့ပါ။
ညီဖြစ်သူ မောင်သိန်းနှင့် မိဘများကတော့ အမေရိကားတွင် အခြေချသွားရောက်နေထိုင်ကာ တယောလည်း အိမ်ထောင်ကျ၍ အိမ်ခွဲနေပြီဖြစ်သည်။ ဘထူးက ဘန်ကောက်သို့ ဆင်းသွားသည်မှာ ကြာလှရောပေါ့။ အညာသားမှာလည်း အိမ်ထောင်ကျ၍ လူမှုအဖွဲ့အစည်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပြီ။ ကရင်ကတော့ သူအမြဲတမ်းသီဆိုနေသည့် “မမ” သီချင်းမှာ အဆိုတော် လေးဖြူ၏ ကျိန်စာမိသည်လား မပြောတတ်၊ တကယ်ပင် အပျိုကြီး မမတစ်ဦးနှင့်ညားကာ အဆင်ပြေနေပြီ၊ ဂစ်တာကိုတော့ ထုံစံအတိုင်းပင် အိညောင် အိညောင်ဖြင့် ခင်တွယ်တုန်း။
မိဘများနှင့် မလိုက်လို၍ ကျနော်တစ်ယောက်တည်းသာ အိမ်တွင်ကျန်ရစ်ခဲ့လေသည်။ ကိုယ်တော်ငါးဦး နေထိုင်သည့် တဲကြီးသည်လည်း မရှိတော့။ မြန်မာ ထမင်းဟင်း ကောင်းကောင်း မစားရသည်မှာလည်း ကြာပြီ။ အရင်လို ကရင်နှင့် အညာသား ရန်ဖြစ်ငြင်းခုံသံ၊ ရယ်မောသံ၊ ဂစ်တာသံ၊ ထမင်းဝိုင်းကြီးတွင် ကျန်ာတို့မိသားစု ရယ်မောပြောဆိုနေသံ မကြားရ မမြင်ရတော့။
မိသားစုနှင့် သူငယ်ချင်း ညီအစ်ကိုများအား သတိရစွာဖြင့် အမှတ်တရ ရေးဖွဲ့ပါသည်။
ကွန်ပျူတာ။ ။ ဟယောင် ... ငါ့ရဲ့ Desktop မှာ နင်ထားချင်သလို ထားခဲ့တဲ့ ဖိုင်တွေကို နင်ဘယ်တော့မှ ရှင်းလင်းပေးမလဲ။ ပြီးတော့ အလကားရတိုင်း download လုပ်ထားတဲ့ ဖိုင်တွေကိုရော ဘယ်တော့ အပြင်ထုတ်ပေးမလဲ။
အဉ္ဇလီ။ ။ နေပါဦး ... မအားသေးလို့ပါ။ ပြီးတော့ အဲဒီဖိုင်တွေက အရမ်းပစ်လို့မရဘူး။ အလုပ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဖိုင်တွေ အများကြီးပါတယ်။ download လုပ်ထားတဲ့ ဖိုင်တွေကတော့ လောလောဆယ် ရေပြတ်နေလို့ DVD Writer မ၀ယ်နိုင်သေးလို့ ခဏထားပါရစေဦး။
ကွန်ပျူတာ။ ။ ဒါဆိုရင် My Documents ထဲက ရှုပ်ပွလုံးထွေးနေတဲ့ နင့်ရဲ့ဘိုးအေ လေးဘက်ထောက်တုန်းက ဖိုင်၊ သီချင်း၊ ဓာတ်ပုံ၊ ကာရာအိုကေ၊ ဂိမ်းနဲ့ software တွေကရော ... ဘယ်လိုရှင်းမလဲ ... အဲဒါတွေကို သွားသွားတွေ့ရင် ငါဦးနှောက်စားတယ်ကွ။
အဉ္ဇလီ။ ။ အဲဒါတွေ အတော်များများက ဟောင်းနေပါပြီ၊ သိပ်ပြီး အသုံးမ၀င်ကြတော့ပါဘူး။ ဒါပေမယ့် ငယ်သံယောဇဉ်နဲ့ သိမ်းထားတာပါ။ သူတို့ကိုလည်း DVD Writer လာရင် သူးထုတ်ပြီး ရှင်းပေးပါ့မယ်။ အခုလို အလေးခံပြီး သိမ်းထားပေးတာ ကျေးဇူးပဲ။
ကွန်ပျူတာ။ ။ ဒါဆိုရင် Drive D ထဲက အခုနင်ကြည့်နေတဲ့ အလကားရတိုင်း ခိုးကူးထားတဲ့ ကာရာအိုကေနဲ့ VCD, DVD ရုပ်ရှင်တွေကိုရော ဘယ်လိုလုပ်မလဲ။ ဒါလဲ ... DVD Writer ကို စောင့်ရမှာပဲလား ... ဒါမှမဟုတ် Hard disk ကိုရော ဘယ်တော့ အသစ်ဝယ်မလဲ။
အဉ္ဇလီ။ ။ ဟားကွာ ... ဒီ စက်စုတ် စက်နာ ... လူတောင် ထမင်းဝအောင် မနည်းရှာစားနေရတယ် ... နင်လိုချင်တာပဲ နင်လျှောက်ပြောနေ ... နင့်ကို DVD Writer လည်း ၀ယ်မပေးဘူး ... Hard disk လည်း အသစ် ၀ယ်မပေးဘူး ... အခု နင့်အထဲက Hard disk ကိုပါ ဖြုတ်ပြီးရင် နင့်ကို အမှိုက်ပုံထဲ သွားပစ်ထားမယ်ဟေ့ ... တောက် ... ။
